တိုင်းရင်းသား ၅၆ မျိုးအကြား စည်ပင်သာယာဝပြောရေးဘုံရည်မှန်းချက်နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်လိုအပ်သည့် ဥပဒေကြောင်းဆိုင်ရာအုတ်မြစ်တစ်ခုကို တရုတ်နိုင်ငံကပြဋ္ဌာန်းရန် ပြင်ဆင်လျက်ရှိကြောင်းလေ့လာသိရှိရသည်။
အဆိုပါဥပဒေမူကြမ်းကို တရုတ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်သည့် ၁၄ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ လေးကြိမ်မြောက်အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်းသိရသည်။
အဆိုပါဥပဒေသည် တရုတ်လူ့အဖွဲ့အစည်းအတွက် ခိုင်မာအားကောင်းသည့်စည်းလုံးညီညွတ်မှု ရှိစေရန် ရည်ရွယ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးမူဘောင်အတွင်းမှ တိုင်းရင်းသားရေးရာစီမံအုပ်ချုပ်မှုကို ပို၍အားကောင်းစေရန်ရည်ရွယ်ကြောင်း သိရသည်။ ဥပဒေတွင် တိုင်းရင်းသားမျိုးနွယ်စုအများအပြားရှိသည့် ဒေသများတွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးမည့် ပြဋ္ဌာန်းချက်များ၊ တိုင်းရင်းသားလူမျိုးစုများအားလုံး၏ စည်ပင်သာယာဝပြောခြင်းဘုံရည်မှန်းချက်ကို မြှင့်တင်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အခြေခံအဆောက်အအုံတည်ဆောက်ခြင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အများပြည်သူဝန်ဆောင်မှုကဏ္ဍ၊ သဘာဝသယံဇာတများ ကာကွယ်ခြင်းကဏ္ဍများအတွက် သီးခြားပြဋ္ဌာန်းချက်များပါဝင်မည်ဖြစ်ကြောင်း NPC ၏ အမြဲတမ်းကော်မတီ ဒုဥက္ကဋ္ဌ လီဟုန်ကျုံးက ပြောသည်။
တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများသည် တောင်တန်းဒေသများ၊ ဝေးလံသီခေါင်သည့်ဒေသများ၊ သမိုင်းကြောင်းအရဖွံ့ဖြိုးမှုနောက်ကျသည့် ဒေသများတွင် နေထိုင်ကြသော်လည်း ထိုဒေသများအပေါ် တရုတ်အစိုးရ၏ ကြီးမားသည့်ရင်းနှီးမြှပ်နှံမှုများ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်သည့် ဆင်းရဲမွဲတေမှုလျှော့ချရေးကမ်ပိန်းများ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမောင်းနှင်အားများကြောင့် အဆိုပါဒေသများမှ တိုင်းရင်းသားတို့သည် လျင်မြန်စွာစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို စံချိန်တင်နိုင်လောက်အောင် ရရှိခဲ့ကြသည်။
ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်တွင်ရှိသော ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် သူငယ်တန်းမှ အထက်တန်းအထိ ၁၅ နှစ်စာ ပညာရေးရန်ပုံငွေကို ၂၀၁၂ ခုနှစ်တွင်ပေးခဲ့သည်။ ထို့အတူ ၁၅နှစ် အခမဲ့ကျောင်းတက်ခွင့်ကို တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင်ရှိသော ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင်လည်း ရရှိနိုင်ကြသည်။
ယခုပြဋ္ဌာန်းမည့်ဥပဒေသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားတိုးတက်မြင့်မားရေးတို့အတွက် ဥပဒေအာမခံချက်တစ်ခုပေးအပ်ခြင်းဖြင့် တိုင်းရင်းသားများနေထိုင်သည့်ဒေသများအတွက် လတ်ဆတ်သောအရှိန်အဟုန်ပေးနိုင်မည်ဟု ဥပဒေပြုသူများက မျှော်လင့်ထားကြသည်။
“အဆိုပါဥပဒေသည် ဖွံ့ဖြိုးဆဲတိုင်းရင်းသားဒေသများ၏ ဥပဒေပြဋ္ဌာန်းချက်ဖြင့် တာဝန်ခံမှုတာဝန်ဘူမှုကိုလည်း ရရှိစေပြီး ပို၍တည်ငြိမ်ပြီး ရေရှည်အကျိုးရှိစေမည့် အထောက်အပံ့များရရှိစေမည်” ဟု တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တုန်း (Dong) လူမျိုးစုကိုယ်စားလှယ်ကပြောသည်။
ဤဥပဒေကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ပြင်ဆင်နေခြင်းဖြစ်ပြီး ကျယ်ပြန့်သည့်အကြံပြုချက်များရယူထားကာ အခြေခံဘုံမူဝါဒများကို မြှင့်တင်ပြီး မတူကွဲပြားမှုကို လေးစားတန်ဖိုးထားကြောင်း လီဟုန်ကျုံးကပြောသည်။
ထို့ပြင် ဥပဒေတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရည်ရွယ်ချက်ရှိရှိ ပျက်ဆီးစေခြင်း၊ အကြမ်းဖက်မှု၊ တိုင်းရင်းသားခွဲထွက်ရေး၊ ဘာသာရေးအစွန်းရောက်ခြင်းများကို ရာဇဝတ်မှုအဖြစ် ထင်ရှားလျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
ရှင်းကျန်းတက္ကသိုလ်၏တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သူ ထာဆွန်အီပေးက တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုတာ ရှင်းကျန်းမှာရှိသော တိုင်းရင်းသားများအားလုံးအတွက်အသက်သွေးကြောဖြစ်ပြီး ယခုကဲ့သို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဥပဒေအရအကာအကွယ်ပေးထားခြင်းသည် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ရစေပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ပို၍အာရုံစိုက်လာနိုင်ကြမည်ဖြစ်သည်ဟု မှတ်ချက်ပြုထားသည်။
commendatory