ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မိမိတို့အနေဖြင့် “တစ်နိုင်ငံ စနစ် နှစ်မျိုး” ၊ “ဟောင်ကောင်အား ဟောင်ကောင်သားများ အုပ်ချုပ်ခြင်း”၊ “မကာအိုအား မကာအိုသားများ အုပ်ချုပ်ခြင်း”၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မြင့်မားခြင်း လမ်းညွှန်ချက်များကို ဘက်စုံ တိတိကျကျ၊ ခိုင်မာမြဲမြံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေတို့မှ အတည်ပြုထားသော အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းစနစ်ကို ထိန်းသိမ်းကာကွယ်ကာ “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို အုပ်ချုပ်ရေး” ၊ “နိုင်ငံကို ချစ်မြတ်နိုးသူ မကာအိုကို အုပ်ချုပ်ရေး” ဟူသော အခြေခံမူကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်၊ မကာအို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝ ပိုမိုကောင်းမွန်လာရေးကို ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာ ဆောင်ရွက်ရမည် ဖြစ်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းကြီးတွင် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းရမည်ဖြစ်ကာ ဟောင်ကောင်၊ မကာအို ရေရှည် သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် အစိုးရလုပ်ငန်းအစီရင်ခံစာ၌ ပြောကြားခဲ့သည်။
မိမိတို့သည် ခေတ်သစ်ပါတီ၏ ထိုင်ဝမ်အရေး ဖြေရှင်းသည့် အလုံးစုံ မဟာဗျူဟာကို အခိုင်အမာဖော်ဆောင်ရမည်ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို စွဲမြဲလိုက်နာပြီး “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးနှင့် ပြင်ပအင်အားစုများ၏ စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရေလက်ကြား နှစ်ဖက် စီးပွားရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စနစ်များနှင့် မူဝါဒများကို ကောင်းမွန်ပြည်စုံအောင် မြှင့်တင်ကာ ရေလက်ကြား နှစ်ဖက် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေလက်ကြား နှစ်ဖက် မွေးချင်းများ အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်ကာ အမိမြေ ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ကြီးမြတ်လုပ်ငန်းကို မဆုတ်မနစ် တွန်းအားပေးပြီး အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး လက်တွဲအတူ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ် (ဆင်ဟွာ)