လီချန်နှင့် မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေး
2024-11-07 source:Xinhua


တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်နှင့်မဟာမဲခေါင်ဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(၈)ကြိမ်မြောက်ခေါင်းဆောင်များအစည်းအဝေးသို့တက်ရောက်ရန်တရုတ်နိုင်ငံကူမင်းမြို့သို့ရောက်ရှိနေသောမြန်မာနိုင်ငံခေါင်းဆောင်မင်းအောင်လှိုင်တို့၂၀၂၄ခုနှစ်နိုဝင်ဘာ၆ရက်၌တွေ့ဆုံစဉ်(ဆင်ဟွာ)

ကူမင်း၊နိုဝင်ဘာ၆ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီချန်သည်မဟာမဲခေါင်ဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(၈)ကြိမ်မြောက်ခေါင်းဆောင်များအစည်းအဝေးတက်ရောက်ရန်တရုတ်နိုင်ငံသို့ရောက်ရှိလာသောမြန်မာနိုင်ငံခေါင်းဆောင်မင်းအောင်လှိုင်နှင့်ကူမင်းမြို့၌နိုဝင်ဘာ၆ရက်ညနေပိုင်းတွင်တွေ့ဆုံခဲ့ကြောင်းသိရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည်တောတောင်ရေမြေချင်းဆက်စပ်နေသောချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံများဖြစ်သလိုနက်ရှိုင်းသောဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလည်းရှိကြကြောင်းလီချန်ကပြောကြားခဲ့သည်။သံတမန်ဆက်ဆံရေးထူထောင်ပြီးနှစ်ပေါင်း၇၀ကျော်ကာလအတွင်းတရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည်စိတ်ရင်းစေတနာအမှန်ဖြင့်အပြန်အလှန်ဆက်ဆံခဲ့ကြသလိုအပြန်အလှန်ဖေးမကူညီခဲ့ကြကြောင်း၊နှစ်ဖက်ဆက်ဆံရေးသည်နိုင်ငံတကာအခြေအနေအပြောင်းအလဲ၏စမ်းသပ်မှုဒဏ်ကိုခံနိုင်ရည်ရှိကာတည်ငြိမ်စွာရှေ့သို့ဆက်လက်ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊အထူးသဖြင့်၂၀၂၀ပြည့်နှစ်တွင်မြန်မာနိုင်ငံသို့သမ္မတရှီကျင့်ဖိန်သမိုင်းဝင်အလည်အပတ်ခရီးစဉ်လာရောက်ခဲ့ရာတရုတ်-မြန်မာဆက်ဆံရေးသည်အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး၏ခေတ်သစ်ကိုဝင်ရောက်ကာအားမာန်သစ်များပွင့်လန်းခဲ့ပါကြောင်းလီချန်ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည်မြန်မာနိုင်ငံနှင့်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကိုတရုတ်နိုင်ငံ၏အိမ်နီးချင်းသံတမန်ရေးဆက်ဆံရေး၏အရေးပါသောနေရာတွင်အစဉ်အမြဲထားရှိကြောင်း၊မြန်မာနိုင်ငံအနေဖြင့်မိမိနိုင်ငံ၏အခြေအနေများနှင့်ကိုက်ညီသောဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းရွေးချယ်ခြင်းအပေါ်အစဉ်အမြဲထောက်ခံကြောင်း၊တရုတ်နိုင်ငံသည်မြန်မာနိုင်ငံနှင့်အတူနိုင်ငံရေးအပြန်အလှန်ယုံကြည်မှုစဉ်ဆက်မပြတ်ခိုင်မာတိုးတက်စေရန်၊မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန်၊စိန်ခေါ်မှုများကိုအတူလက်တွဲကိုင်တွယ်ဖြေရှင်းရန်၊နှစ်နိုင်ငံအေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးနက်ရှိုင်းခိုင်မာလာအောင်မြှင့်တင်ဆောင်ရွက်ရန်၊နှစ်နိုင်ငံပြည်သူများအားပိုမိုကောင်းမွန်စွာအကျိုးပြုနိုင်ရန်ဆန္ဒရှိကြောင်း၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်နိုင်ငံရေးနည်းလမ်းဖြင့်ပြန်လည်ရင်ကြားစေ့ရေးနှင့်အသွင်ကူးပြောင်းရေးဖြစ်စဉ်အားတွန်းအားပေးသည့်အပေါ်တရုတ်နိုင်ငံကထောက်ခံကြောင်း၊မြန်မာနိုင်ငံနှင့်အတူအရည်အသွေးမြင့်“ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူတည်ဆောက်ရေးမူဘောင်အောက်တွင်တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှုအားတည်ငြိမ်စွာတွန်းအားပေးဆောင်ရွက်သွားလိုကြောင်းလီချန်ကပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့်ပညာရေး၊ယဉ်ကျေးမှု၊ခရီးသွားစသည့်ကဏ္ဍများပူးပေါင်းဆောင်ရွက်မှုနှင့်ဒေသန္တရကူးလူးဖလှယ်မှုများကိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပြီးနှစ်နိုင်ငံချစ်ကြည်ရေးပြည်သူ့ဆန္ဒအခြေခံကိုခိုင်မာအောင်တည်ဆောက်ရမည်ဖြစ်ကြောင်း၊အွန်လိုင်းလောင်းကစားနှင့်ဆက်သွယ်ရေးလိမ်ညာမှုစသည့်နယ်စပ်ဖြတ်ကျော်ပြစ်မှုများကိုအတူတကွတိုက်ဖျက်ကာနှစ်နိုင်ငံပြည်သူလူထုအကျိုးစီးပွားကိုကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံရှိတရုတ်နိုင်ငံဝန်ထမ်းများ၊အဖွဲ့အစည်းဌာနများနှင့်စီမံကိန်းလုံခြုံရေးကိုလက်တွေ့အကာအကွယ်ပေးစေလိုကြောင်း၊တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံနှင့်အတူဘက်ပေါင်းစုံကဏ္ဍ၏စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုများကိုအားဖြည့်ဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း၊ကျယ်ပြန့်များပြားလှသည့်ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူဘုံအကျိုးစီးပွားကိုခိုင်မာစွာကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံခေါင်းဆောင်မင်းအောင်လှိုင်ကမြန်မာ-တရုတ်နှစ်နိုင်ငံသည်ညီအစ်ကိုအရင်းအချာပမာအစဉ်အလာချစ်ကြည်ရေးရှိကြသည့်အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြကြောင်း၊နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည့်အချိန်မှစ၍ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး၅ရပ်၏စိတ်ဓာတ်ကိုအစဉ်အမြဲလေးစားလိုက်နာခဲ့ရာနှစ်ဖက်ဆက်ဆံရေးရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိခဲ့ပါကြောင်းပြောကြားခဲ့သည်။
၂၀၂၀ပြည့်နှစ်သမ္မတရှီကျင့်ဖိန်၏သမိုင်းဝင်မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်သည်နှစ်နိုင်ငံဆက်ဆံရေးကိုမြန်မာ-တရုတ်အေးအတူပူအမျှအသိုက်အဝန်းအဖြစ်သို့မြှင့်တင်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့်တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခိုင်အမာစောင့်စည်းလိုက်နာမည်ဖြစ်သလိုထိုင်ဝမ်သည်တရုတ်နိုင်ငံ၏ခွဲခြားမရသောတစ်စိတ်တစ်ပိုင်းအဖြစ်ယူဆကြောင်း၊မြန်မာနိုင်ငံစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်သဘာဝဘေးအန္တရာယ်ရင်ဆိုင်ဖြေရှင်းမှုတွင်တရုတ်နိုင်ငံကအဖိုးတန်သည့်အကူအညီများပေးသည့်အပေါ်အထူးကျေးဇူးတင်ရှိပါကြောင်း၊တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး၊ပြန်လည်သင့်မြတ်ရေးနှင့်မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးတွင်အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှပါဝင်သည့်အပေါ်ကျေးဇူးတင်ရှိကြောင်း၊မြန်မာနိုင်ငံရှိတရုတ်နိုင်ငံဝန်ထမ်းများ၊အဖွဲ့အစည်းဌာနနှင့်စီမံကိန်းဘေးကင်းလုံခြုံမှုရှိရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်လာမည့်နှစ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့်၇၅နှစ်ပြည့်နှစ်ပတ်လည်အခါသမယတွင်နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားလိုကြောင်း၊နှစ်ဖက်ကုန်သွယ်စီးပွား၊ရင်းနှီးမြှုပ်နှံမှု၊စိုက်ပျိုးရေး၊ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ပြည်သူများ၏အသက်မွေးမှုစသည့်နယ်ပယ်များ၌လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန်မြန်မာနိုင်ငံအနေဖြင့်မျှော်လင့်ကြောင်း၎င်းကပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကိုဝူကျိန့်လုန်တက်ရောက်ခဲ့ကြောင်းသိရသည်။(Xinhua)