သမ္မတ ရှီနှင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ပေကျင်း၌ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် သဘောတူညီ
2024-11-04 source:Xinhua



တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကိုအား တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကိုအား နိုဝင်ဘာ ၁ ရက်က ပေကျင်းမြို့တွင် လက်ခံတွေ့ဆုံခဲ့သည်။
ယခုနှစ်သည် တရုတ်နှင့် ဆလိုဗက်ကီးယား နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကာလဖြစ်ကြောင်း၊ နှစ်ပေါင်း ၇၅ နှစ်ကြာ တိုးတက်ကောင်းမွန်ခဲ့သည့် နှစ်နိုင်ငံအကြားက အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုသည် အားမာန်များ ပြည့်ဝလျက်ရှိကာ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုမှ ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကိုလည်း ဆောင်ကြဉ်ပေးခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
“တရုတ်-ဆလိုဗက်ကီးယား ဆက်ဆံရေးကို နှစ်နိုင်ငံပြည်သူတွေရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို သစ်လွင်ပြီး ‌အားအင်ပြည့်ဝတဲ့ အရှိန်အဟုန်တွေ ဖြည့်တင်းပေးမယ့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ဖို့ မိမိတို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ရှီက ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအား ကဏ္ဍသစ်ဖွင့်လှစ်၍ ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်ရာတွင် ဆလိုဗက်ကီးယားနှင့် အတူတကွကြိုးပမ်းသွားရန် တရုတ်နိုင်ငံက ဆန္ဒရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်နက်ရှိုင်းရှိုင်းရှိရန် လိုအပ်ကြောင်း ရှီက ပြောကြားခဲ့ကာ အဆင့်မြင့် ကူးလူးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ဆက်ဆံမှုများကို ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန်၊ အပြန်အလှန်လေးစားမှု၊ သာတူညီမျှရှိမှု၊ အပြန်အလှန်အကျိုးပြုမှုတို့အား ထိန်းသိမ်းရန်၊ မိမိတို့နှစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့် အလေးထားစရာ ကိစ္စရပ်များအား အပြန်အလှန် ထည့်သွင်းစဉ်းစားရန်လည်း ၎င်းက နှစ်ဖက်လုံးအား တိုက်တွန်းခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်အတွက် လောလောလတ်လတ် ဖွဲ့စည်းထားသော အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကော်မတီအား အကျိုးရှိရှိအသုံးချ၍ စွမ်းအင်သစ်၊ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲရေး စသည်တို့တွင် ညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်များ ပိုမိုခိုင်မာစေရန် လုပ်ဆောင်သင့်ကြောင်း ရှီက ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ဆလိုဗက်ကီးယား၌ ရင်းနှီးမြှုပ်နှံရန် အားပေးလျက်ရှိသကဲ့သို့ တရုတ်ဈေးကွက်အား လာရောက်လေ့လာရန်လည်း ဆလိုဗက်ကီးယား စီးပွားရေးလုပ်ငန်းများကို ကြိုဆိုလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်နိုင်ငံအနေဖြင့် ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများကို အားပေးမြှင့်တင်သင့်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံရေးပါတီများ၊ ဒေသန္တရ အစိုးရများ၊ လူငယ်များ၊ တတ်သိပညာရှင်အဖွဲ့များ၊ မီဒီယာများအကြား ထိတွေ့ဆက်ဆံမှုများနှင့် ဆွေးနွေးမှုများပြုလုပ်ရန်၊ ကွန်ဖြူးရှပ် အင်စတီကျုကဲ့သို့သော ပလက်ဖောင်းများကို အကျိုးရှိစွာအသုံးချ၍ မျိုးဆက်အသီးသီး၌ တရုတ်-ဆလိုဗက်ကီးယား ချစ်ကြည်ရင်းနှီးမှုအတွက် လူထုသဘောထား အခြေခံအုတ်မြစ်အား ခိုင်ခိုင်မာမာတည်ဆောက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံက ဆလိုဗက်ကီးယား နိုင်ငံသားများအား ဗီဇာမလိုဘဲ ၁၅ ရက်ကြာ ဝင်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ၌ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ရှီက အလေးအနက်ပြောကြားခဲ့သည်။ ကမ္ဘာကြီး၌ ရှုပ်ထွေး၍ တစ်မုဟုတ်ချင်း ပြောင်းလဲမှုများရှိနေစဉ် နှစ်ဖက်လုံးအနေဖြင့် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒအား ထိန်းသိမ်းကာ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေများအပေါ် အခြေခံသည့် နိုင်ငံတကာအစီအစဉ်အား အခိုင်အမာကာကွယ်ရန်၊ တန်းတူညီမျှရှိ၍ စနစ်တကျရှိသော ဗဟုအသွင်ကမ္ဘာ အခင်းအကျင်းနှင့် အကြားအလပ်မရှိ အကျိုးဖြစ်ထွန်းစေကာ အလုံးစုံပါဝင်သော ကမ္ဘာ့စီးပွားရေးပေါင်းစည်းမှုစနစ်အား ထောက်ခံအားပေးရန်၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းပါဝင်ပံ့ပိုးမှုနှင့် ဘုံအကျိုးစီးပွားတို့ကို အလေးထားသော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု အယူအဆအား လက်ခံယုံကြည်ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အားပေးမြှင့်တင်ရန် ရှီက တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံက တရုတ်-ဥရောပသမဂ္ဂ (အီးယူ) ဆက်ဆံရေးအား အလွန်အလေးထားပါကြောင်း၊ လာမည့်နှစ်တွင် တရုတ်နှင့် အီးယူအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့်‌မြောက်မည်ဖြစ်သဖြင့် တရုတ်-အီးယူ ဆက်ဆံရေးက ထိုက်သင့်သော ရင့်ကျက်မှုနှင့် တည်ငြိမ်မှုတို့ကို လက်တွေ့ပြသသင့်ပါကြောင်း ရှီက ဆိုသည်။
အီးယူ၏ အင်စတီကျူးရှင်းအသစ်များက တရုတ်-အီးယူ မိတ်ဖက်ဆက်ဆံရေးအား အလေးထားမှုကို ဆက်လက်ထိန်းသိမ်းကာ အပြုသဘောဆောင်၍ လက်တွေ့ကျသော ချဉ်းကပ်နည်းအား ကျင့်သုံး၍ မတူကွဲပြားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်စီမံပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား နိုင်ငံရေးသဘောသက်ဝင်စေခြင်းကို ရှောင်ကြဉ်မည်ဟု မျှော်လင့်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။
ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ဖီကိုကလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာစောင့်ထိန်းကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရအား တရုတ်နိုင်ငံကို အလုံးစုံကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ဆလိုဗက်ကီးယားအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ကြားဝင်စွက်ဖက်မှု မှန်သမျှကို ဆန့်ကျင်ကာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအား လေးစားမှုရှိရေးကို ထောက်ခံကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ထို့အတူ ဆလိုဗက်ကီးယား နိုင်ငံသားများအား ဗီဇာမလိုဘဲ ၁၅ ရက်ကြာ ဝင်ရောက်ခွင့်ပြုသော တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကိုလည်း ဆလိုဗက်ကီးယားနိုင်ငံက ကြိုဆိုပါကြောင်း ဖီကိုက ဆိုသည်။
ဆလိုဗက်ကီးယားအနေဖြင့် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ လွယ်ကူအဆင်ပြေစေရေးကို အထောက်အကူပေးလျက်ရှိကြောင်း၊ ဆလိုဗက်ကီးယား၌ တရုတ်စီးပွားရေးလုပ်ငန်းများ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံခြင်းနှင့် စွမ်းအင်သစ်၊ အခြေခံအဆောက်အအုံ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းကို ကြိုဆိုပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆလိုဗက်ကီးယားအနေဖြင့် သမ္မတ ရှီ အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အထင်ကရအဆိုပြုချက် သုံးရပ်အား ကြိုဆိုကာ တိုင်းပြည်အုပ်ချုပ်ရေး အတွေ့အကြုံများ ဖလှယ်ခြင်းကို အခိုင်အမာလုပ်ဆောင်ရန် ဆန္ဒရှိသကဲ့သို့ မတူကွဲပြားမှုများအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ကိုင်တွယ်ဆောင်ရွက်ရန် အီးယူ၏ ကတိကဝတ်ပြုမှုကိုလည်း တက်တက်ကြွကြွ ထောက်ခံအားပေးလျက်ရှိကြောင်း ဖီကိုက ပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်ဖက်လုံးက ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ရှီက တရုတ်နိုင်ငံ၏ တစ်စိုက်မတ်မတ် ကိုင်စွဲထားသော မူဝါဒနှင့် ရပ်တည်ချက်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ ဆလိုဗက်ကီးယား၏ ဓမ္မဓိဋ္ဌာန်ကျ၍ ကျိုးကြောင်းဆီလျော်၊ သမာသမတ်ကျသော ရပ်တည်ချက်အတွက်လည်း ချီးကျူးခဲ့သည်။ ထို့ပြင် ရှီက ငြိမ်းချမ်းရေးဆွေးနွေးမှုများအား အထောက်အကူပြုရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် ဆလိုဗက်ကီးယားနှင့် အခြားသော စိတ်တူကိုယ်တူ နိုင်ငံများကို ဖိတ်ခေါ်ခဲ့သည်။
ဆလိုဗက်ကီးယား သမ္မတက ယူကရိန်း အကျပ်အတည်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မျှတ၍ ဓမ္မဓိဋ္ဌာန်ကျကာ အပြုသဘောဆောင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဆလိုဗက်ကီးယားအနေဖြင့် ယူကရိန်းအကျပ်အတည်းဆိုင်ရာ ရောင်းရင်းမိတ်ဆွေများအဖွဲ့တွင် ပါဝင်၍ ထိုအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာတွင် အထောက်အကူပေးရန်အတွက် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်းလည်း ၎င်းက ဆိုသည်။
ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုအပြီးတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း နှစ်ဖက်လုံးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကိုအား တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)