ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် အသစ်ရွေးချယ်ခံရပြီး ဗဟိုအစိုးရမှ ခန့်အပ်တာဝန်ပေးခံရသော ချန်ဟောက်ဟွေးနှင့် တွေ့ဆုံခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်၏ မျက်မြင်သက်သေပြုမှုတွင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ချန်ဟောက်ဟွေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်သော အမှတ် ၇၉၄ အမိန့်စာအား ပေးအပ်ခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က ချန်ဟောက်ဟွေးအား ဗဟိုအစိုးရ၏ မကာအို အထူးဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်မှုကို ရရှိသည့်အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ ချန်ဟောက်ဟွေး အနေဖြင့် နောက်ဆုံးအယူခံတရားရုံးအကြီးအကဲအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့ရာ တိုင်းပြည်ကို ချစ်မြတ်နိုးသော၊ မကာအိုကို ချစ်မြတ်နိုးသော ရပ်တည်ချက် ခိုင်မာခြင်း၊ တရားဥပဒေနှင့်အညီ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး မကာအို သာယာဝပြောရေးနှင့် တည်ငြိမ်ရေးအတွက် တက်ကြွစွာ အကျိုးဆောင်ခဲ့ကြောင်း၊ ၎င်း အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ပွဲ၌ ပါဝင်ချိန်တွင် ပြည်သူများအပေါ် လက်တွေ့ချစ်ခင်ရင်းနှီးမှု၊ ပြဿနာများကို ရင်ဆိုင်ဝံ့သည့် ကောင်းမွန်သော ပုံရိပ်ကို ပြသနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်နှင့် အုပ်ချုပ်မှုရေးရာ အတွေးအခေါ်များသည် မကာအို၏ လက်တွေ့နှင့်ကိုက်ညီသလို မကာအိုနေထိုင်သူ အများအပြား၏ သာယာလှပသော ဘဝ မျှော်လင့်ချက်နှင့်လည်း ကိုက်ညီကြောင်း၊ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ဆန္ဒမဲအများအပြားဖြင့် အမည်စာရင်းတင်သွင်းခံရသလို မဲအများစုဖြင့် ရွေးချယ်ခံခဲ့ရခြင်းမှာ မကာအို လူမှုအဖွဲ့အစည်းက ၎င်းအပေါ် အသိအမှတ်ပြုမှုနှင့် အားပေးထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရှိခြင်းကို ဖော်ပြကြောင်း၊ ဗဟိုအစိုးရအနေဖြင့် ၎င်းအပေါ် အပြည့်အဝ အသိအမှတ်ပြုသလို အပြည့်အဝ ယုံကြည်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
“တစ်နိုင်ငံ စနစ်နှစ်မျိုး” သည် တိုင်းပြည်နှင့် လူမျိုး၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီသလို မကာအို၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီသည့် စနစ်ကောင်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ အမိတိုင်းပြည်သို့ မကာအို ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ကြာကာလ၊ ဗဟိုနှင့် အမိတိုင်းပြည် ပြည်မကြီး၏ အစွမ်းကုန်အားပေးထောက်ခံမှုအောက်တွင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့် လူမှုအဖွဲ့အစည်း ကဏ္ဍ အသီးသီးက ဆက်လက် ကြိုးပမ်းခဲ့ကြရာ မကာအို ထူးခြားချက်ရှိသည့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” လက်တွေ့ ဖော်ဆောင်မှုတွင် ကမ္ဘာသိအောင်မြင်မှုများရရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကာအို အခြေခံဥပဒေ ပြဋ္ဌာန်းထားသည့် အထူးအုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်သည် ခိုင်မာတည်တံ့ရာ မကာအို လုပ်ငန်းအသီးသီးတွင် ဘက်စုံ တိုးတက်မှု ရှိသလို နိုင်ငံတကာဩဇာသက်ရောက်မှု သိသိသာသာ တိုးမြင့်လာကြောင်း၊ ဗဟိုအစိုးရအနေဖြင့် “တစ်နိုင်ငံ စနစ်နှစ်မျိုး”၊ “မကာအိုသားများ မကာအိုအား အုပ်ချုပ်ခြင်း”၊ မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်မှုရှိခြင်း မူဝါဒကို ဘက်စုံ တိကျ၊ ခိုင်မာစွာ မမှိတ်မသုန်ဆောင်ရွက်သွားမည်ဖြစ်ရာ အသွင်ပုံစံမပြောင်းလဲရန် အာမခံထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသည် ပြုပြင်ပြောင်းလဲမှုများ တစ်ဆင့်တိုး နက်ရှိုင်းစွာ ဆောင်ရွက်ရေး၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု တွန်းအားပေးရေးအတွက် စနစ်တကျ ဖြန့်ကြက် စီမံခဲ့ရာ “တစ်နိုင်ငံ စနစ်နှစ်မျိုး” အားသာချက်ကို ကောင်းမွန်စွာ ကျင့်သုံးဆောင်ရွက်ရန်၊ တရုတ်နိုင်ငံ ပြည်ပတံခါးဖွင့်လှစ်ရေးတွင် ဟောင်ကောင်၊ မကာအို၏ အခန်းကဏ္ဍယန္တရားကို ကောင်းမွန်ပြည့်စုံအောင် ဖော်ဆောင်ရန် အလေးထားခဲ့ကြောင်း၊ ယင်းမှာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး၊ မိမိကိုယ်တိုင် ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် ရှင်းလင်းစွာ လမ်းညွှန်မှုပေးခဲ့ပြီး သမိုင်းအခွင့်အလမ်းသစ်ကို ပံ့ပိုးပေးခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးမှူးတာဝန်သည် လေးလံသလို ဗဟိုအစိုးရမှ လွှဲပြောင်းပေးအပ်သော ကြီးလေးသည့် တာဝန်နှင့် များပြားလှသော မကာအိုနေပြည်သူများ၏ ကြီးမားသည့် မျှော်လင့်ချက်များ ပါဝင်ကြောင်း၊ ကြီးမားသည့် တာဝန်ကို ရဲဝံ့စွာ ထမ်းဆောင်၍ သမိုင်းပေးတာဝန်ကို မလစ်ဟင်းစေဘဲ အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရသစ်ကို ဦးဆောင်သွားရန်၊ လူမှုနယ်ပယ်အသီးသီး စည်းလုံးညီညွတ်ခြင်း၊ စိတ်တူကိုယ်တူ၊ မှန်ကန်သောလမ်းစဉ်ကို စောင့်ထိန်းကာ ဆန်းသစ် ဖန်တီးခြင်း၊ ကောင်းမွန်သောနည်းလမ်းဖြင့် ရလဒ်ကောင်းများရရှိအောင် တိုးတက်မှုတာဝန်ထမ်းဆောင်ခြင်းဖြင့် မကာအို ထူးခြားချက်ရှိသည့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” အခင်းအကျင်းသစ်ကို စဉ်ဆက်မပြတ် ဖော်ဆောင်ကာ အင်အားကြီးနိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ချန်ဟောက်ဟွေးက ဗဟိုအစိုးရအနေဖြင့် ၎င်းအား မကာအို အထူးဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်သည့်အပေါ် အထူးဂုဏ်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်နှင့် ဗဟိုအစိုးရ၏ ဦးဆောင်မှုအောက်တွင် “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒကို ဘက်စုံ တိကျ၊ ခိုင်မာစွာ မမှိတ်မသုန်ဆောင်ရွက်သွားရန်၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းကြီး၌ ပိုမိုကောင်းမွန်စွာ ပေါင်းစည်း၍ ပါဝင်အကျိုးဆောင်သွားရန်၊ ပြည်သူ့အုပ်ချုပ်ရေးစွမ်းရည်နှင့် စီမံအုပ်ချုပ်မှုအဆင့် မြှင့်တင်ရန်၊ စီးပွားရေး အတော်အသင့် စုံလင်ကြွယ်ဝစွာ တိုးတက်ရေး အရှိန်မြှင့်တင်ရန်၊ ပြည်သူ့ဘဝစားဝတ်နေရေး ကောင်းမွန်အောင် အစွမ်းကုန်ဖော်ဆောင်ရန်၊ မကာအို လုပ်ငန်းအသီးသီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန် ဆုံးဖြတ်ချက်ချထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို လီချန်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ စီထိုက်ဖုန်း၊ ချန်ဝန်ချင်း၊ ရှပေါင်လုန် တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)