တရုတ်နိုင်ငံက ရှန်ကျိုး-၁၉ လူလိုက်ပါသော အာကာသယာဉ်အား အောက်တိုဘာ ၃၀ ရက်တွင် လွှတ်တင်မည်
2024-10-30 source:Xinhua


ကျိုချွမ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရှန်ကျိုး-၁၉ လူလိုက်ပါသော အာကာသယာဉ်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက် ပေကျင်းစံတော်ချိန် နံနက် ၄ နာရီ ၂၇ မိနစ်တွင် နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီ (CMSA) က အောက်တိုဘာ ၂၉ ရက်၌ ကြေညာခဲ့သည်။အဆိုပါ လွှတ်တင်မှုအတွက် Long March-2F သယ်ယူပို့ဆောင်ရေး ဒုံးပျံအား အသုံးပြုမည်ဖြစ်ကာ မကြာမီတွင် ယင်းဒုံးပျံအား တွန်းကန်ပစ္စည်းများ ဖြည့်သွင်းမည်ဖြစ်ကြောင်း CMSA ဒုတိယညွှန်ကြားရေးမှူး လျင်ရှီးချန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရှန်ကျိုး-၁၉ သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်၏ ၃၃ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင် ဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ အာကာသစခန်းအား တည်ဆောက်အသုံးပြုဆဲအဆင့်၌ စတုတ္ထမြောက် လူလိုက်ပါသော မစ်ရှင်လည်းဖြစ်သည်။

ရှန်ကျိုး-၁၉ အာကာသယာဉ်သည် ဂြိုဟ်ပတ်လမ်းထဲသို့ ဝင်ရောက်ပြီးပါက အာကာသစခန်း ပင်မမော်ဂျူး၏ အရှေ့ဘက်ချိတ်ဆက်ပေါက်နှင့် လျင်မြန်စွာ အလိုအလျောက် ချဉ်းကပ်ခြင်းနှင့် ချိတ်ဆက်ခြင်းတို့ကို အချိန် ၆ နာရီခွဲ ဝန်းကျင်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကာ မော်ဂျူးသုံးခုနှင့် အာကာသယာဉ်သုံးခုအား တစ်စုတစ်စည်းတည်း စုဖွဲ့ချိတ်ဆက်ထားမည်ဖြစ်သည်။
ရှန်ကျိုး-၁၉ အာကာသယာဉ်နှင့် Long March-2F သယ်ယူပို့ဆောင်ရေးဒုံးပျံတို့၏ ထုတ်ကုန်အရည်အသွေးအား ကြပ်မတ်ထိန်းချုပ်မှု ပြုလုပ်ထားသည်။ ရှန်ကျိုး-၁၉ မစ်ရှင်အဖွဲ့သားများမှာလည်း ကျန်းမာ‌ရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ မြေပြင်စနစ်ဆိုင်ရာ အဆောက်အအုံများနှင့် ပစ္စည်းကိရိယာများကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့် လည်ပတ်အသုံးပြုလျက်ရှိကြောင်း လျင်က ဆိုသည်။

အာကာသစခန်း ပေါင်းစည်းမှုမှာ လတ်တလောတွင် ပုံမှန်အခြေအနေအတိုင်း ရှိနေကာ လွှတ်တင်ရန်အတွက် ပြင်ဆင်မှုအားလုံး ပြီးမြောက်သွားပြီဖြစ်ကြောင်းလည်း သိရသည်။

လတ်တလောတွင် ဂြိုဟ်ပတ်လမ်းအတွင်း၌ရှိနေသည့် ရှန်ကျိုး-၁၈ အဖွဲ့သားများက ရှန်ကျိုး-၁၉ အဖွဲ့သားများထံ လုပ်ငန်းတာဝန်များ အပြီးသတ်လွှဲပြောင်းပြီးနောက် နိုဝင်ဘာ ၄ ရက်၌ တုန်းဖုန်း ဆင်းသက်ရေးစခန်းဆီသို့ ပြန်လည်ထွက်ခွာရန် စီစဉ်ထားသည်။

ထျန်းကျိုး-၈ ကုန်တင်အာကာသယာဉ် လွှတ်တင်မည့် တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်း၌ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီ၏ သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထျန်းကျိုး-၈ မစ်ရှင်အား နိုဝင်ဘာလလယ်၌ စတင်ရန် အစီအစဉ် ပြန်လည်ရေးဆွဲထားကြောင်း လျင်က ပြောကြားခဲ့သည်။

ထျန်းကျိုး-၈ မစ်ရှင်အတွက် ပြင်ဆင်မှုများသည်လည်း ပြန်လည်သတ်မှတ်ထားသော အစီအစဉ်အတိုင်း အဆင်ပြေချောမွေ့စွာဖြင့် တိုးတက်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ အာကာသစခန်း မစ်ရှင်များ၏ စီမံကိန်းနှင့် ပတ်သက်၍လည်း အလားတူ အခြေအနေများကို ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း၊ လက်ရှိတွင် ဂြိုဟ်ပတ်လမ်းအတွင်း ထောက်ပံ့ပစ္စည်းများ အလုံအလောက်ရှိနေကြောင်းလည်း လျင်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)