သမ္မတ ရှီက ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် သီဟာမိုနီ၏ ထီးနန်းစိုးစံမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့
2024-10-30 source:Xinhua


တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန် သီဟာမိုနီတို့ တွေ့ဆုံနေပုံကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒွန် သီဟာမိုနီ (Norodom Sihamoni) ၏ ထီးနန်းစိုးစံမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်အတွက် အောက်တိုဘာ ၂၉ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ဘုရင် သီဟာမိုနီအနေဖြင့် လွန်ခဲ့သော နှစ် ၂၀ က ထီးနန်းစိုးစံခဲ့ချိန်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်အားသစ်လောင်းမှု၊ နိုင်ငံတကာနှင့် ကူးလူးဆက်ဆံမှုတို့တွင် အရေးပါသော ပံ့ပိုးဖြည့်ဆည်းမှုများ ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံအကြား အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရန် ကာလကြာမြင့်စွာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း သမ္မတ ရှီက ၎င်း၏ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၌ ထည့်သွင်း‌ရေးသားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အတူတကွ ပဲ့ကိုင်လမ်းညွှန်မှုအောက်တွင် တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုက အရည်အသွေးမြင့်မားမှု၊ အဆင့်အတန်းမြင့်မားမှုနှင့် စံနှုန်းမြင့်မားမှုတို့ကို အလေးပေးသော ခေတ်သစ်ကာလဆီသို့ ရောက်ရှိလာသည်ဟုလည်း ရှီက ဆိုသည်။

စိန်ရောင်တောက်ပသော ကဏ္ဍ ၆ ရပ် (Diamond Hexagon) ပူးပေါင်းဆောင်ရွက်ရေး မူဘောင်က ခိုင်မာသော တိုးတက်မှုများကို ဖြစ်ပေါ်စေသကဲ့သို့ “စက်မှုဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံ” ၊ “ငါးနှင့် ဆန် စင်္ကြံ” ဖော်ဆောင်ခြင်းတို့ကလည်း အပြုသဘောဆောင်သည့် တိုးတက်ဖြစ်ထွန်းမှုများကို ဖန်တီးပေးလျက်ရှိကာ တရုတ်-ကမ္ဘောဒီးယား ပြည်သူအချင်းချင်း ကူးလူးဆက်ဆံခြင်းနှစ်ကလည်း ကြီးမားသော အောင်မြင်မှုများကို ရရှိစေခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်ပေးခဲ့သည်ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် အေးအတူပူအမျှ ကြံ့ကြံ့ခံ၍ အတူတကွရပ်တည်ခဲ့ကာ အပြန်အလှန် ဖေးမကူညီခဲ့သည့် သံမဏိကဲ့သို့ ခိုင်မာမြဲမြံသော မိတ်ဆွေများဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို အလွန်အလေးထားကြောင်း၊ ကမ္ဘောဒီးယား တော်ဝင်မိသားစုနှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို အလွန်တန်ဖိုးထားပါကြောင်း၊ တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် အကျိုးရလဒ်များ ပိုမိုဖြစ်ထွန်းစေရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် နှစ်နိုင်ငံဆက်ဆံရေးအား မဟာဗျူဟာမြောက် လမ်းညွှန်မှု ခိုင်မာအားကောင်းစေရေးအတွက် ဘုရင် သီဟာမိုနီနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိပါကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)