နဝမအကြိမ်မြောက် FOCAC ဝန်ကြီးအဆင့်အစည်းအဝေး ပေကျင်းတွင် ကျင်းပ
2024-09-06 source:mingala news


ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) နဝမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ပေကျင်းမြို့တွင် စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့ပြီး FOCAC ပေကျင်း ထိပ်သီးအစည်းအဝေးအတွက် အခြေခံလုပ်ငန်းများ ချမှတ်ခဲ့ကြောင်း သိရသည်။FOCAC အဖွဲ့ဝင် အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးဝန်ကြီးများ၊ အာဖရိကသမဂ္ဂနှင့် အခြားဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၃၀၀ ကျော် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) နဝမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး၌ အမှာစကားပြောကြားနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နှင့် အာဖရိကကို ကိုယ်စားပြုသော ကမ္ဘာ့တောင်ဘက်ခြမ်း တိုးတက်လာမှုသည် လူသားမျိုးနွယ်အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုကို လေးလေးနက်နက် လွှမ်းခြုံထားကြောင်း ပြောကြားခဲ့သည်။

ဤအစည်းအဝေးက ခေတ်မီအသွင်ပြောင်းမှုဆီသို့ အတူတကွချီတက်ကြမည့် ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် မှတ်တိုင်သစ်ချမှတ်နိုင်မည်မှာ အသေအချာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောခဲ့သည်။