တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် တွေ့ဆုံ
2024-08-30 source:mingala news



တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်အား မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၉ ရက်၌ လက်ခံတွေ့ဆုံနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်အား ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးတွင် ဩဂုတ် ၂၉ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် နိုင်ငံများအနေဖြင့် ကွဲပြားမှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ဆောင်ဘဲ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ ပြည်သူများအနေဖြင့် ချန်လှပ်ထားမှု သို့မဟုတ် နောက်ပြန်ဆုတ်မှုကိုမလိုလားဘဲ ပွင့်လင်းမှုနှင့် တိုးတက်မှုကိုသာ လိုလားသလို တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် သမိုင်းကြောင်းအတွက်၊ ပြည်သူများအတွက်၊ ကမ္ဘာကြီးအတွက် တာဝန်ထမ်းရွက်ရမည်ဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲမှုအတွက် အရင်းအမြစ်နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားဖြစ်ရမည်ဟု သမ္မတ ရှီက ဆိုသည်။
ထို့ပြင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြား၊ တရုတ်-အမေရိကန်ဆက်ဆံရေးကြားတွင် ကြီးမားသော အပြောင်းအလဲများဖြစ်ပေါ်နေသော်ငြားလည်း တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်၊ ခိုင်မာ၊ ရေရှည်တည်တံ့ရေး ပန်းတိုင်မှာမူ ပြောင်းလဲမှုမရှိကြောင်း၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံထားသည့် ဆက်ဆံရေးမူကြီးမှာလည်း ပြောင်းလဲမှုမရှိကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းမည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာလည်း ပြောင်းလဲမှုမရှိကြောင်း၊ တရုတ်ပြည်သူများနှင့် အမေရိကန်ပြည်သူများကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်ရေးကြိုးပမ်းအားထုတ်မှုမှာလည်း ပြောင်းလဲမှုမရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ရည်မှန်းချက်တူညီစွာ လုပ်ဆောင်မည်၊ အပြုသဘောဆောင်၍ ကျိုးကြောင်းဆီလျော်မှုဖြင့် တရုတ်နိုင်ငံနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရှုမြင်သုံးသပ်မည်၊ စိန်ခေါ်မှုထက် အခွင့်အလမ်းအဖြစ် တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ရှုမြင်မည်၊ အင်အားကြီးနှစ်နိုင်ငံအနေဖြင့် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေရေးအတွက် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)