မြန်မာနိုင်ငံတွင် “ကျောက်ဖြူအနာဂတ်” တရုတ်ဘာသာစကားသင်တန်းများ ဖွင့်လှစ်
2024-05-11 source:Xinhua



မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် “ကျောက်ဖြူ အနာဂတ်” တရုတ်ဘာသာစကားသင်တန်းစီမံကိန်း ဖွင့်လှစ်ခြင်းအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားနေသော CITIC Myanmar ၏ လက်ထောက်အထွေထွေမန်နေဂျာ Ma Chuanfu အား ၂၀၂၄ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ CITIC ၊ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် “ကျောက်ဖြူ အနာဂတ်” တရုတ်ဘာသာစကားသင်တန်းစီမံကိန်းကို မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် မေ ၁၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် “ကျောက်ဖြူ အနာဂတ်” တရုတ်ဘာသာစကားသင်တန်းစီမံကိန်း ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများကို ၂၀၂၄ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာကို မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် လုပ်ငန်းခွင် အထူးသဖြင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီမှ အလုပ်လျှောက်ထားရာတွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း CITIC Myanmar ထုတ်ပြန်ချက်အရ သိရသည်။

CITIC Myanmar ၏ ဒုတိယအထွေထွေမန်နေဂျာ Ma Chuanfu က CITIC အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ ကျေးလက်ရန်ပုံငွေစီမံကိန်း၊ ကျောက်ဖြူလူငယ်အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ကပ်ရောဂါကာကွယ်ရေး လှူဒါန်းမှုများ၊ ရွေ့လျားဆေးခန်းစီမံကိန်း၊ အာဟာရပြည့်ဝသောနေ့လယ်စာ အခမဲ့ကျွေးမွေးခြင်း စီမံကိန်း၊ ဒီရေတောပြန်လည်စိုက်ပျိုးရေးစီမံကိန်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများ ၁၀ ခုထက်မနည်း ဖော်ဆောင်ခဲ့ပြီး ဒေသခံထောင်ဂဏန်းခန့်အား ကောင်းကျိုးသက်ရောက်စေခဲ့ကြောင်း အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။
ထို့နောက် “ကျောက်ဖြူ အနာဂတ်” တရုတ်ဘာသာစကားသင်တန်းစီမံကိန်း၊ စီမံကိန်းမန်နေဂျာ ဦးကျော်ကျော်စိုးက ရန်ကုန်တွင်ဖွင့်လှစ်မည့် သုံးလကြာ တရုတ်ဘာသာစကားသင်တန်းများတွင် သင်တန်းသား ၇၀ နီးပါး စာရင်းသွင်းအပ်နှံထားကြောင်း ပြောကြားခဲ့သည်။

ယခုသင်တန်းသားများ၏ စာရင်းသွင်းအပ်နှံမှုက ဤစီမံကိန်း၏ ပထမအဆင့်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
စီမံကိန်းတစ်ခုလုံးအနေဖြင့် အဆင့်သုံးဆင့် ပါဝင်မည်ဖြစ်ကာ သင်တန်းသားဦးရေ ၂၀၀ ခန့်ကို သင်တန်းပေးနိုင်ရန် ရည်မှန်းထားကြောင်း ၎င်းကဆိုသည်။
အဆိုပါ တရုတ်ဘာသာစကားသင်တန်းစီမံကိန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံအဖွဲ့အစည်းများနှင့် သင်တန်းတက်ရောက်မည့်သူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)