တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟန်ဂေရီနိုင်ငံ သမ္မတ Tamás Sulyok တို့ တွေ့ဆုံဆွေးနွေး
2024-05-11 source:Xinhua



တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ရှိ သမ္မတအိမ်တော်၌ မေ ၉ ရက် နံနက်ပိုင်းတွင် ဟန်ဂေရီနိုင်ငံ သမ္မတ Sulyok နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟန်ဂေရီသည် တရုတ်နိုင်ငံသစ်ကို အစောဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံများအနက် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ပြီးသည်မှစ၍ တရုတ်-ဟန်ဂေရီ နှစ်နိုင်ငံသည် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှ ဆက်ဆံမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုများ အစဉ် ရှိခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲ၏ စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိကြောင်း၊ ကုန်းမြေတိုက်ကြီးကို ကျော်ဖြတ်သည့် မိတ်ဆွေများဖြစ်လာပြီး ချစ်ကြည်သော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအထိ ဆက်လက် နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်-ဟန်ဂေရီ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကောင်းဆုံးကာလဖြစ်ခဲ့ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုသည် ပြည်သူများ၏စိတ်နှလုံးဝယ် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသလို နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုများသည် အောင်မြင်မှုရလဒ်များရှိနေပြီဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်နှင့် ဟန်ဂေရီကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဟန်ဂေရီနိုင်ငံနှင့်အတူ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရန်၊ တရုတ်-ဟန်ဂေရီ ဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ အစဉ်မပြတ် ဦးဆောင်သွားရန် ဆန္ဒရှိကြောင်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဟန်ဂေရီ ဆက်ဆံရေးသည် လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားကြောင်း၊ နှစ်ဖက်လုံးသည် အဖိုးတန်သောအတွေ့အကြုံများကို စုစည်းကာ ရှေ့ဆက်ရမည့်လမ်းကို ပုံဖော်သင့်ကြောင်း၊ ပထမအနေဖြင့် တန်းတူရည်တူဆက်ဆံရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်သလို အနာဂတ်နှင့် ကံကြမ္မာကို မိမိတို့လက်ထဲတွင် ခိုင်မြဲစွာ ထားရှိရမည်ဖြစ်ကြောင်း၊ တရုတ်-ဟန်ဂေရီ ခေတ်အဆက်ဆက် ချစ်ကြည်ရေးသည် တတိယအဖွဲ့အစည်းကို ဦးတည်ခြင်းမရှိသလို တတိယအဖွဲ့အစည်း၏ ကန့်သတ်ထားခြင်းကိုလည်း ခံမည်မဟုတ်ကြောင်း၊ ဒုတိယအနေဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ကူညီဖေးမမှုတို့ ဆက်လက်တည်ရှိရမည်ဖြစ်ကြောင်း၊ အစဉ်အမြဲ အပြန်အလှန် နားလည်ပေးပြီး အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို အပြန်အလှန်ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တတိယအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ခိုင်မာစွာဖော်ဆောင်ရမည်ဖြစ်ကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး မူဘောင်အတွင်း နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရေးရမည် ဖြစ်သလို မိမိတို့၏ သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာများနှင့် ချိတ်ဆက်မှုကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စတုတ္ထအနေဖြင့် တရားမျှတမှုကို ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ သမိုင်း၏ မှန်ကန်သောဘက်ခြမ်းတွင် ရပ်တည်ပြီး လူသားမျိုးနွယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့အတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးနှင့်အတူ ခိုင်မာသောနိုင်ငံတည်ဆောက်ရေး၊ အမျိုးသားမဟာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြီးမြတ်သော လုပ်ငန်းများကို ဘက်စုံ မြှင့်တင်လျက်ရှိကြောင်း၊ ယင်းမှာ ကမ္ဘာကြီးအား ကြီးမားသောအခွင့်အလမ်းများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဟန်ဂေရီမိတ်ဆွေများကို တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု၏ ဖွံ့ဖြိုးတိုးတက်သောအမြန်ရထားနှင့်အတူ လိုက်ပါရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံသည် ဟန်ဂေရီနိုင်ငံနှင့်အတူ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းစေရန် ၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးနှင့် ဟန်ဂေရီနိုင်ငံ၏ “အရှေ့မျှော် တံခါးဖွင့်မူဝါဒ” မဟာဗျူဟာကို ပိုမိုနီးကပ်စွာချိတ်ဆက်လျက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို အကောင်အထည်ဖော်ရန်နှင့် နယ်ပယ်အသီးသီးတွင် ဖလှယ်မှုများကို ဆက်လက်ချဲ့ထွင်ရန် ဆန္ဒရှိကြောင်း၊တရုတ်နိုင်ငံသည် ဟန်ဂေရီနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်- ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို လမ်းကြောင်းမှန်ပေါ်၌ ဆက်လက်ဦးဆောင်နိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းပြီး ပိုမိုလက်တွေ့ကျလာအောင် မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ ဟန်ဂေရီအနေဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် အီးယူ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို အခွင့်အလမ်းတစ်ခုအဖြစ် သဘောထားကာ တရုတ်-ဥရောပ ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်မည်ဟု မျှော်လင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံ သမ္မတ Tamás Sulyok က ယခုနှစ်သည် ဟန်ဂေရီ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နှစ်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ပြီးသည့်အချိန်မှစ၍ နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်ယုံကြည်မှုဖြင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာအောင် အစဉ်အမြဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စတင်တည်ထောင်သည့်အချိန်မှစ၍ နှစ်နိုင်ငံ နယ်ပယ်အသီးသီးပူးပေါင်းဆောင်ရွက်မှုများသည်အပြုသဘောဆောင်သော ရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သော “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းတည်ဆောက်ရေးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းက ဟန်ဂေရီကို အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက်မှုစသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် များစွာအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI)၊ နိုင်ငံတကာ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် တိုက်တွန်းခြင်း၊ ယင်းတို့သည် လက်ရှိကမ္ဘာကြီးတွင်ရင်ဆိုင်နေရသော စိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းရန်နှင့် အဖွဲ့အစည်းများကြား ထိပ်တိုက်ရင်ဆိုင်မှုများကို တားဆီးရန် အတွက် အရေးကြီးကြောင်း၊ ဟန်ဂေရီနိုင်ငံဘက်မှလည်း လွန်စွာ လေးစားအသိအမှတ်ပြုကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်မှာ ဟန်ဂေရီ၏ မူဝါဒဖြစ်ကြောင်း၊ ဟန်ဂေရီသည် တရုတ်နှင့် ရင်းနှီးသော ဖလှယ်မှုများ ပြုလုပ်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်မှု အားကောင်းလာစေရန်၊ ဟန်ဂေရီ-ဆားဘီးယား မီးရထားလမ်းစသည့် အဓိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် ပြည်သူများအတွက် ပို၍များပြားသော အကျိုးကို ဖော်ဆောင်သွားရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် သမိုင်းဝင် ခရီးစဉ်သည် ဟန်ဂေရီ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံသည် အစိမ်းရောင် အသွင်ကူးပြောင်းမှုနှင့် သန့်ရှင်းသောစွမ်းအင် ကဏ္ဍများတွင် ရှေ့ပြေးနည်းပညာနှင့် အတွေ့အကြုံများရရှိထားရာ တရုတ်ကုမ္ပဏီများအနေဖြင့် ဟန်ဂေရီနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုကြောင်း၊ ဟန်ဂေရီ-တရုတ် နှစ်ဘာသာသင်ကျောင်းနှင့် ကွန်ဖြူးရှပ်တက္ကသိုလ်များ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ ပူးပေါင်းဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)