တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ COVID-19 ရောဂါတိုက်ဖျက်ရန် တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ ကျွမ်းကျင်ပညာရှင်များ စေလွှတ်မည်
2022-01-26 source:ဆင်ဟွာ



ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဇန်နဝါရီ ၂၅ ရက်တွင် တရုတ်ရိုးရာတိုင်းရင်းဆေးပညာ အမျိုးသားအဆင့်အဖွဲ့အစည်း(NATCM) ၏ ဒုတိယကော်မရှင်နာ Huang Luqi နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီး Mam Bunheng တို့ သဘောတူညီချက် လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)


ကမ္ဘောဒီးယားနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် တရုတ်ရိုးရာတိုင်းရင်းဆေးပညာကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့အား စေလွှတ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်အား တရုတ်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ဇန်နဝါရီ ၂၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


အဆိုပါ သဘောတူညီချက်အား ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ရိုးရာတိုင်းရင်းဆေးပညာ အမျိုးသားအဆင့်အဖွဲ့အစည်း(NATCM) ၏ ဒုတိယကော်မရှင်နာ Huang Luqi နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီး Mam Bunheng တို့သည် ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Wang Wentian ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


လက်မှတ်ရေးထိုးသည့် အခမ်းအနားမစတင်မီ အမှာစကားပြောကြားရာတွင် ဒုတိယကော်မရှင်နာ Huang Luqi က NATCM သည် ကျွမ်းကျင်ပညာရှင်အဖွဲ့အား ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယား – တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံ၌ တစ်နှစ်တာ ဆေးဘက်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ယင်းအချိန်ကာလအတွင်း ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အရည်အချင်းပြည့်မီသော ဆေးဘက်ဆိုင်ရာပညာရှင်များအား လေ့ကျင့်ပေးသွားမည် ဖြစ်ပြီး ထပ်မံသင်ကြားလေ့ကျင့်မှုအတွက် ရည်ရွယ်ထားသည့် လေ့ကျင့်ရေး လက်စွဲစာအုပ် နှင့် သင်ရိုးများအား ပြုစုသွားမည် ဖြစ်ကြောင်း နှင့် ဒေသခံပြည်သူများအတွက် COVID-19 ရောဂါအပါအဝင် အဖြစ်များသော ရောဂါများအပေါ်တွင် ကာကွယ်တားဆီးမှု ၊ ကုသမှု နှင့် ပြန်လည်ထူထောင်မှု ဝန်ဆောင်မှုများအား ထောက်ပံ့သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


“ဒီသဘောတူညီချက်က ကမ္ဘောဒီးယား ဆေးဘက်ဆိုင်ရာပညာရှင်တွေအတွက် အကျိုးရှိရုံသာမက ကမ္ဘောဒီးယားပြည်သူတွေရဲ့ ကျန်းမာရေးသုခ တိုးတက်ကောင်းမွန်ဖို့ သိသိသာ ပံ့ပိုးမှုတွေ လုပ်ပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”ဟု ဒုတိယကော်မရှင်နာ Huang Luqi က ဖြည့်စွက်ပြောကြားခဲ့သည်။


အဆိုပါသဘောတူညီချက်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်များအရ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး Mam Bunheng က ယင်းသဘောတူညီချက်သည် COVID-19 ရောဂါတိုက်ဖျက်ရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းစေရုံသာမက ရိုးရာတိုင်းရင်းဆေးပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများအား ကျယ်ပြန့်လာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


“ဒီသဘောတူညီချက်က တရုတ်ရိုးရာတိုင်းရင်းဆေးဝါးတွေနဲ့ ပိုပြီး ထိထိရောက်ရောက် COVID-19 လူနာတွေကို ကုသပေးရာမှာ ကမ္ဘောဒီးယားကျန်းမာရေးပညာရှင်တွေရဲ့ စွမ်းဆောင်ရည်ကို အားကောင်းလာစေရေးအတွက် အရေးကြီးပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။


ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်မူပိုင်ခွင့်မှတ်ပုံတင် ဆေးဝါးများဖြစ်သည့် Lianhua Qingwen ဆေးတောင့် နှင့် Huashi Baidu အစေ့အပွင့်များသည် COVID-19 လူနာများ၏ ရောဂါလက္ခဏာများအား ကုသခြင်းအတွက် အသုံးပြုရန် လိုင်စင်ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။


“တရုတ်ရိုးရာတိုင်းရင်းဆေးဝါးတွေက နှာရည်ယို ၊ ချောင်းဆိုး နဲ့ အဖျားလိုမျိုး အပျော့စားရောဂါလက္ခဏာ ရှိတဲ့ လူနာတွေ ကုသပေးတဲ့အခါမှာ အာနိသင်ထက်မြက်ပါတယ်။”ဟု ကျန်းမာရေးဝန်ကြီး Mam Bunheng က ပြောကြားခဲ့သည်။ ယင်းဆေးဝါးများကို ၎င်းကိုယ်တိုင် အမြဲသုံးစွဲကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။


သဘောတူညီချက်အရ တရုတ်ရိုးရာတိုင်းရင်းဆေးပညာ အမျိုးသားအဆင့်အဖွဲ့အစည်း(NATCM)သည် ကမ္ဘောဒီးယား – တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံ၌ တရုတ်နှင့်အနောက်တိုင်းဆေးပညာ ပေါင်းစပ်ခြင်း နှင့် တရုတ်ရိုးရာတိုင်းရင်းဆေးပညာ အပါအဝင် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပို့ချရန် လက်တွေ့ဝန်ဆောင်မှုများ နှင့် လေ့ကျင့်မှုများတွင် ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရှင် ၅၀ ဦးဖြင့် ဖွဲ့စည်းထားသည့် ဆေးဘက်ဆိုင်ရာအဖွဲ့အား စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။


ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေး နိုင်ငံ၏ လူဦးရေအများစုမှာ အပြည့်အဝ ကာကွယ်ဆေးထိုးနှံပြီးနောက် ကပ်ရောဂါအား ကောင်းစွာ ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ရက်သတ္တပတ် သုံးပတ်ဆက်တိုက် COVID-19 ရောဂါကြောင့် သေဆုံးသူ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။


ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီ ၂၅ ရက်တွင် COVID-19 လူနာသစ် ၂၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၁၂၁,၀၉၄ ရှိလာကာ သေဆုံးသူ ၃,၀၁၅ ဦး နှင့် ပြန်လည်သက်သာကောင်းမွန်လာသူ ၁၁၇,၂၄၇ ဦး ရှိကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။


ကမ္ဘောဒီးယားနိုင်ငံသည် ယခုအထိ နိုင်ငံ လူဦးရေ ၁၆ သန်းအနက် ၈၉ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် ၁၄ ဒသမ ၃၃ သန်းသည် COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံထားပြီး ဖြစ်ကြောင်း ၊ ၎င်းတို့အနက် ၈၅ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် ၁၃ ဒသမ ၇၄ သန်းသည် လိုအပ်သော ကာကွယ်ဆေး ထိုးနှံမှု နှစ်ကြိမ်နှင့်အတူ အပြည့်အဝ ကာကွယ်ဆေးထိုးနှံထားကြောင်း သိရသည်။


ကမ္ဘောဒီးယားနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်တွင် အသုံးပြုသည့် ကာကွယ်ဆေးအများစုမှာ တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)