တရုတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လူသန်းပေါင်း (၁,၁၀၀)ကို လွှမ်းခြုံထားနိုင်ပြီး လူသန်းပေါင်း(၁,၀၀၀)ကျော်မှာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီဖြစ်
2021-09-22 source:ဆင်ဟွာ




တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်အထိ တရုတ်နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်ရေပေါင်း (၂,၁၇၄.၀၄၃)သန်း ရှိပြီး ကာကွယ်ဆေးထိုးနှံထားသူ (၁,၁၀၀.၈၄၂) သန်း၊ ၎င်းတို့အနက် ကာကွယ်ဆေးအပြည့်အဝထိုးထားသူ (၁,၀၂၂.၂၀၇) ဦး ရှိရာ တစ်နိုင်ငံလုံးလူဦးရေ၏ (၇၈) ရာခိုင်နှုန်း ရှိကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ကပ်ရောဂါ ပူးတွဲကာကွယ်တိုက်ဖျက်ရေးယန္တရားမှ သိရသည်။




ကာကွယ်ဆေးထိုးနှံမှုစုစုပေါင်း အကြိမ်ရေနှင့် လွှမ်းခြုံနိုင်သည့် လူဦးရေသည် ကမ္ဘာတွင် ပထမ ဖြစ်ပြီး လူအုပ်စုအလိုက် လွှမ်းခြုံနိုင်မှုသည် ကမ္ဘာ့ရှေ့တန်းနေရာတွင် ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်များ တိုးတက်မှုရှိကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ ခိုင်မာသည့် ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ဝိသေသလက္ခဏာရှိသည့် ဆိုရှယ်လစ်စနစ် စုပေါင်းအင်အားဖြင့် ကြီးမားသည့် လုပ်ငန်းကို ဖော်ဆောင်သော အားသာချက်က တစ်နိုင်ငံလုံး ပြည်သူများ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်စွာ တွန်းအားပေးဆောင်ရွက်မှုကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် သက်ဆိုင်ရာ တာဝန်ရှိသူက ဆိုသည်။


ကိုဗစ်ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံမှု စတင်သည့်အချိန်မှစ၍ ဌာနအသီးသီး၊ဒေသအသီးသီးက ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက် မူဝါဒ စီမံမှုများနှင့် နိုင်ငံတော်ကောင်စီပူးတွဲကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးယန္တရား၏အစီအစဉ်များအတိုင်း နည်းလမ်းအသွယ်သွယ်ဖြင့် လူထုအား ဝန်ဆောင်မှုများပေးခဲ့ကြကြောင်း ၊ ကာကွယ်ဆေးထိုးနှံသည့်အချိန်နှင့်နေရာအား သင့်လျော်အောင် စီစဉ်ခြင်း၊ ဆွေးနွေးညှိနှိုင်း အကြောင်းကြားခြင်း၊ စာရင်းပြုစုခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ဖြင့် တည်ငြိမ်စွာ စနစ်တကျ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်မှစ၍ အဓိကလူအုပ်စုများ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှစ၍ တစ်နိုင်ငံလုံးပြည်သူများအား အခမဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ယင်းနောက် “သက်ကြီးပိုင်းနှင့်က‌လေးလူငယ်”ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများက တွန်းအားပေး ဆောင်ရွက်ခဲ့ကြသည်။ထိုသို့ အရေးကြီးလုပ်ငန်းစဉ်များအား ဆက်တိုက်ဆောင်ရွက်ခြင်းသည် ကာကွယ်ဆေးအကျိုးအား လူထုအများဆုံးရရှိနိုင်ရန်၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်နှင့်ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်ရန် အစွမ်းကုန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံသူများလေ ကာကွယ်ဆေးမှရရှိသည့် ကာကွယ်နိုင်မှုက ပို၍ ကြီးမားလေ ဖြစ်ရာ ကိုဗစ်ပြင်းထန်အဆုတ်ရောင်ကပ်ရောဂါကြီးကို ထိန်းချုပ်ရန် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟို ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် ထိပ်တန်းပညာရှင် ဝမ်ဟွာချင့်က ဆိုသည်။


သက်ဆိုင်ရာဌာနများက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလိုအပ်ချင်နှင့် လူထု၏လိုအပ်မှုတွင် မူတည်ပြီး ကာကွယ်ဆေးထိုးနှံမှုများကို ပိုက်စိပ်တိုက် စုစည်းဆောင်ရွက်သွားမည်ဖြစ်ရာ ကာကွယ်ဆေး လွှမ်းခြုံနိုင်သည့်လူအုပ်စုများကို တစ်ဆင့်တိုးချဲ့ဆောင်ရွက်၍ ပြည်သူလူထု၏ကျန်းမာရေးကို လက်တွေ့ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)